“အပုပ်နံ့ခံတယ်ဆိုတာ ဠင်းတ ဆန်လွန်းပါတယ်” ဆိုတဲ့ စာသားလေးကို ဖတ်လိုက်ရတော့ ကျနော် စိတ်ဝင် စားမှု နည်းနည်းဖြစ် သွားရတယ်။ ကျနော်က “ဠင်းတ”ဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး စိတ်ဝင်းစားတာ က တခု၊ နောက် ဠင်းတ ဆိုတဲ့ငှက်က အနံ့ခံ ကောင်းတဲ့ငှက် သေချာလားဆိုတာ သံသယဖြစ်သွားတယ်၊ ဒါ ကြောင့် ကျနော် ဒီ “ဠင်းတ” အကြောင်း ရေးသားဖြစ်သွားတာပါ။
စာအုပ်တအုပ်ထဲမှာ လင်းတ (သို့) ဠင်းတ ဆိုတဲ့ မြန်မာစာအရေးအသားနဲ့ ပတ်သက်ပြီး ဘာကြောင့် လင်း တကို (ဠ) ဆိုတဲ့ အက္ခရာ ကိုသုံးပြီး ရေးတာလဲ ဆိုတဲ့ပြဿနာ………….၊ ငှက်တကာ့ ငှက်ထဲမှာ လင်းတ ဆိုတဲ့ ငှက်က တော်တော်ရုပ်ဆိုးတယ်၊ အဲဒီလောက် ရုပ်ဆိုးတဲ့ငှက်ကို မြန်မာ အက္ခရာထဲက ရေးသားရတာခက်ပြီး ကြည့်လို့မကောင်းတဲ့ (ဠ) ဆိုတဲ့ စကားလုံးနဲ့ ဂုဏ်သင့် ပနံသင့် ထပ် ဆင့် ရေးရခြင်း ဖြစ်တယ်လို့ စာရေးဆရာကြီး တယောက်က ပြောထားတာကို ဖတ်မိလိုက်တယ်။
နောက်တခုက လင်းတ(ဠင်းတ) ဆိုတဲ့ ငှက်ရဲ့အကြောင်းကို ကိုကိုလတ်(ဆည်မြောင်း)က “ဠင်းတ တ ကောင်ရဲ့ ဖြောင့်ချက် ”အမည်နဲ့ ရေးသားထားတာကို ဖတ်လိုက်ရတယ်။ ဆိုတော့ကာ…. စိတ်ဝင်စားစရာကောင်းတာက ဒုကနိပါတ်၊သန္တဝဂ်၊ ဂိဇ္ဇျဇါတ်တော် မှာ လေးသင်္ချေနဲ့ ကမ္ဘာ တသိန်း ပါရမီ ဖြည့်ကျင့်စဉ်က ဘုရားအလောင်းတော်ဟာ ဂိဇ္ဇျတောင်မှာ ဠင်းတ မျိုးဖြစ်ခဲ့ပြီး အမိအဖတို့ကို လုပ်ကျွေးပြုစု တဲ့ သားဖြစ်တော်မူခဲ့တယ်။
ဠင်းတဆိုတဲ့ ငှက်မျိုးဟာ သူတထူးရဲ့ ကျေးဇူးကိုလဲ သိတက်ပြီး အထက်ယူဇနာ (၁၀၀) အကွာအဝေးကနေ သားကောင်(အစာ)ကို မြင်နိုင်စွမ်းရှိတဲ့ငှက်ဖြစ်တယ်၊ နောက်တခုက ဠင်းတတွေဟာ သားကောင်အသေကိုတောင်မှ သူ့တို့ စိတ်မှာ လှုပ်နေတယ်ထင်ရင် မစားသေးဘဲ အနီးအနားမှာ ပျံဝဲနေတက်တယ်၊ ဆိုလိုချင်တာက အခြားသော သတ္တဝါတွေလို ကြီးနိုင်ငယ်ညှင်းမရှိဘဲ အသေသား ကိုသာ စားသုံးတယ်ဆိုတဲ့ သဘောပေါ့။
တယူဇနာဆိုတာ (၁၃)မိုင်ကွာဝေးတယ်၊ အတိအကျပြောရရင် ၁၂.၇၂ မိုင်ရှိတယ်၊ ယူဇနာတရာ ဆိုတော့ကာ ဠင်းတတွေရဲ့ အမြင် စွမ်းအားဟာ မိုင်းပေါင်း (၁၃၀၀)နီးပါးကနေ မြင်နိုင်တယ်လို့ ဂိဇ္ဇျဇါတ်တော် အထောက် အထားအရ သိရတယ်၊ သို့ပေသိ ဘုရား အလောင်း ဠင်းတငှက်မင်းဟာ ဗာရာဏသီ ဘုရင်ထောင်တဲ့ ကျော့ကွင်းကို အမြင်စွမ်းအား ဒီလောက်ကောင်းရဲ့သားနဲ့ ဘာကြောင့် တိုးဝင်ရတာလဲဆိုတာ ဇါတ်တော်လာအရ ဘုရားအလောင်း ဠင်းတငှက်မင်းက ဘုရင်ကို ယခုကဲ့သို့ လျှောက်တင်တော် မူလေ သည်။
“ယဒါပရာ ဘဝေါဟောတိ ပေါသောဇီဝိတ သင်္ခယော၊ အထ ဇာလဉ္စ ပါသဉ္စ၊ အာသာဇ္ဇာပိ န ဗုဇ္ဇျတိ” ဆိုတဲ့ ဂါထားကို ကျူးရင့် လျှောက်တင်ခဲ့လေသည်။ မဟာရာဇာ မြတ်သောမင်းကြီး ယဒါ အကြင်အခါ၌ ယောပေါ သော အကြင်သတ္တဝါသည် ပရာဘဝေါ ပျက်စီးလို သည် ဇီဝိတ သင်္ခယော အသက်ကုန်လို့ ဟောတိ ဖြစ်၏။ အထ ထိုအခါ၌ သောပေါသော ထိုသတ္တဝါသည် အတ္တနော မိမိ၏ အတ္တယာ အကျိုးငှာ သြဋိတံ ထောင်အပ် သော ဇာလဉ္စ ကွန်သို့၎င်း ပါသဉ္စ ကျော့ကွင်းသို့၎င်း အာဇောပိ ရောက်၍လည်း နဗုဇ္ဇျတိ မသိလို့ လျှောက်တင်လေသည်။
ဆိုလိုချင်တာက အမြင်ယူဇနာ တရာ မြင်နိုင်စွမ်းရှိတဲ့ ဠင်းတတွေဟာ သက်တမ်းကုန်လို့ ခန္ဓာ ပျက်စီးတော့ မယ်ဆိုရင် (သို) သေ တော့မယ်ဆိုရင် ပိုက်ကွန် ကျော့ကွင်း ထောင်ခြောက် တို့ကိုလည်း မြင်နိုင်ခြင်းငှာ မစွမ်းတော့ဘူး လို့ အဓိပ္ပါယ်ရပါတယ်။
လင်းတ(သို) ဠင်းတ ဆိုတဲ့ငှက်မျိုးဟာ ကျနော်တို့ ပြောနေကျ “ ဠင်းတလောက် ငှက်တိုင်းလှပါတယ်” ဆိုတဲ့ စကားထက် “ ဠင်းတ လောက်ငှက်တိုင်း မြင့်မြတ်ခြင်းမရှိဘူး” ဆိုရင်ဖြင့် သင့်တော်မည်ဟု ကျနော် တဦးတည်း တွေးထင်မိပါသည်။ ဠင်းတသည် အပုပ် နံခံပြီး အစာသိတဲ့ ငှက်မဟုတ်ဘဲ အမြင်စွမ်းအားနဲ့ အစာကို ရှာဖွေတဲ့ ငှက်မျိုးဖြစ်ကြောင်း ကျနော် ဠင်းတများကိုယ်စား ရှေ့နေ လိုက်ပေးနေခြင်း ဤတွင် နိတ္ထိတံလတံ္တ။
မင်းလွမ်းနောင်
No comments:
Post a Comment